Friday 16 March 2012

သူငယ်ချင်းအတွက် မှာတမ်း




ကြည့်သောသူ မြင်တယ်ဆိုပေမဲ့
ကြည့်လို့ မမြင်နိုင်လောက်အောင်ကို
နှင်းတွေ ဖုံးလွှမ်းနေတဲ့အခါလည်း
ဘ၀မှာ ရှိမယ်။
မင်းကအနောက် ငါကအရှေ့
ကြားတယ်မှာ
ချစ်ခြင်းမေတ္တာတရားကလွဲပြီး
ဘာစည်းရိုးမှ မရှိဘူးနော်။
ချိုင့်ခွက်ထဲ ရေ၀င်နေလို့
အတိမ်အနက်ကို မသိရတဲ့ အဖြစ်တွေရှိရင်
နောက်တာပါ အတည်လည်း ဒါပါပဲဆိုတဲ့
အ၀န်းအ၀ိုင်းတခုမှာ
မင်းရွေ့လိုက်တဲ့အကွက် မှန်ပါစေ သူငယ်ချင်း။
မင်းတပ်လိုက်တဲ့
မျက်မှန်တလက်ဟာ
အမှန်တရားဆိုတာ ငါယုံကြည်ပါတယ်။
ဒါပေမဲ့
သူငယ်ချင်းရေ
လက်ခုပ်တီးပြီး
အရမ်းကာရော လက်ရပ်မခေါ်နဲ့နော်
မျဉ်းကြားဆိုပေမဲ့
အန္တရာယ်ရှိတယ်။
မင်းဖန်တီးလိုက်တဲ့ အနုပညာဟာ
မင်းအတွက် အဆိပ်တခွက်ဆိုရင်
မင်းဟာ ဆိုကရေးတီးနဲ့
မိတ်ဆွေဖွဲ့ဖို့ လိုမယ်ပေါ့။
မင်းဘ၀တခုလုံး လေးနက်နေချိန်မှာ
လူတွေက မင်းကို ရယ်ကောင်းရယ်လိမ့်မယ်။
လူသားတွေ နေတဲ့ကမ္ဘာမှာ
လူသားအချင်းချင်းအပေါ် ချစ်တတ်ပါစေသူငယ်ချင်း
မင်းဟာ ခုတ်လွယ်ရှလွယ်ရှိတဲ့ သူမဟုတ်ဘူးဆိုတာ
ငါသိပါတယ်။
မင်းယုံကြည်ရာတွေကို ထုဆစ်ဖို့နဲ့
မင်းမယုံကြည်ရာတွေကို ဖဲ့ထုတ်ပစ်ဖို့
လိုရမယ်ရ ပုတီးလေးတကုံးလည်း ဆောင်ထားပေါ့။
ဘ၀ဆိုတာ............။     

No comments:

Post a Comment

မင်္ဂလာ ပေါင်းနဲ့ ပြည့် စုံပါစေ