Friday 16 March 2012

ငိုနေလို.အပိုဘဲ...



                                      
သူငယ်ချင်း-
လောကကြီးထဲ ခြေချတော့
အူဝဲဆိုတာနဲ့ ချခဲ့တယ်..။
ငိုခြင်းနဲ့ စခဲ့တဲ့ဘဝ
အဆုံးသတ်ပါတော့..
တစ်ခါရှုံးတိုင်း တစ်ခါငိုလည်း
ဘ၀ဟာ စိုပြည်လာမှာမှ မဟုတ်ဘဲ။
ယနေ့ ရယ်နေသူတွေဟာ
မနေ့က ငိုခဲ့တဲ့သူတွေပါ..။
ဒီအချိန်ကျော်နေသူတွေဟာ
ဟိုတစ်ချိန်က ချော်ခဲ့တဲ့သူတွေဆိုတာ
မင်း နားလည်စမ်းပါ…
ရှုံးရာမှ ကုံးထ
လောကကြီးကို ပြုံးပြလိုက်စမ်းပါ
အားလုံးအိုကေနေတာ တွေ့ရမယ်..
အားတင်းပြီး ခေါင်းမော့
ရင်တစ်ချက်ကော့ပြလိုက်တာနဲ့
လောကကြီးတုန်လှုပ်သွားလိမ့်မယ်
လူသားမှာ စွမ်းအားရှိနေတာ
သူသိနေတာလေ………
နဖူးက ချွေးတစ်စက်
မြေကြီးထက် ဆင်းသက်တာနဲ့
ရွှေအသီးတွေ ထွက်လာလိမ့်မယ်….
မျက်ရည်တွေ တောက်တောက်ကျ
အသနားခံပြတာကိုတော့
လောကကြီးက တာ့တာ…တဲ့
မွေးဖွားလာတဲ့လူသားတိုင်း
အငိုအားနဲ့ စ,ခဲ့လို့
လောကကြီးက ရိုးသွားပြီ…
ဒါ့ကြောင့် -
ရုန်းထ ပြုံးပြ
လူသားရဲ့ စွမ်းအားကိုပြ
လောကကြီးက မင်းကို သြချလိမ့်မယ်
ငိုနေလို့တော့ အပိုပဲ သူငယ်ချင်း…

No comments:

Post a Comment

မင်္ဂလာ ပေါင်းနဲ့ ပြည့် စုံပါစေ